Poem




ခရစ်ယာန် ကဗျာဆရာများ အားထုတ်ထားသော အသက်မြစ် ဒုရာ (ကလောင်စုံ) ကဗျာစာအုပ်
ကဗျာချစ်သူများအနေဖြင့် ယခု ebookအား Download ချပြီး မိမိနှစ်သက်ရာ (စစ်ဘေးရှောင်၊ ကိုဗစ်ဒုက္ခသည်၊ Oxygenဗူးအရေးကိစ္စ ဆောင်ရွက်နေသူ) အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်အား ငွေကြေးအားဖြင့် သော်လည်းကောင်း၊ ဒုက္ခကြုံနေရသော ယုံကြည်သူများအား ebook ဝေမျှပေးခြင်းအားဖြင့်သော်လည်းကောင်း ကူမဖို့ရန် ဖြစ်ပါသည်။

ကဗျာချစ်သူ သတ်မှတ်သော နှုန်းထားတန်ဖိုးသည် ကဗျာစာအုပ်တန်ဖိုးဖြစ်၍ ရရှိမည့်သူသည်လည်း စာချစ်သူ လှူဒါန်းမည့်သူသာ ရရှိမည်ဖြစ်သည်။

မည်သူ့အား မည်၍၊ မည်မျှ၊ မည်သည့်နည်းဖြင့် လှူဒါန်းကြောင်းအား ဖော်ပြအသိပေးရန် မလိုအပ်ချေ။ 
မေတ္တာဖြင့် ရေးသားထားသော ကဗျာအလှအား မေတ္တာစိတ်ဖြင့် ဖတ်ရှုပေးပါရန်နှင့် မေတ္တာပွားများခြင်းအား ဆက်လက်လုပ်ဆောင်ရန်ဖြစ်ပါသည်။
.............................................................................
အသက်မြစ် ဒုရာ (ကဗျာအမည် ရှင်းလင်းချက်)
"တစ်ဖန် ၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ ပလ္လင်တော်ထဲက ထွက်သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အားပြလေ၏" (ဗျာဒိတ်ကျမ်း ၂၂:၁)

"မိန်းမတကာတို့ထက် အဆင်းလှသောအစ်မ၊ သင်သည်မသိလျှင်၊ သိုးများခြေရာသို့ လိုက်သွား၍၊ သိုးထိန်းတဲများအနားမှာ သင်၏သိုးသငယ်တို့ကို ကျွေးမွေးပါလော့။ အရှင်မင်းကြီးသည် စားပွဲတော်နားမှာထိုင်နေစဉ်၊ ငါထုံသော နာဒုဆီမွှေးအနံ့သည် တပျံ့ပျံ့တလှိုင်လှိုင် ဖြစ်လေ၏" (ရှောလမုန်သီချင်း ၁:၈, ၁၂)

အသက်စီးဆင်းရာမြစ်၊ နာဒုဆီမွှေး၊ သိုးများခြေရာ
ဒုရာကို ဇာတ်ကောင်တခုလို သဘောထားလိုက်ခြင်းဖြစ်ပါတယ်။ အသက်မြစ်ဟာ အသက်စီးဆင်းရာမြစ်ကို ကိုယ်စားပြုပါတယ်။ ဒုဟာ နာဒုဆီမွှေးကို ကိုယ်စားပြုပါတယ်။ ရာဟာ သိုးများခြေရာကို ကိုယ်စားပြုပါတယ်။
ဒုရာကို စကားလုံးနှစ်ခုပေါင်းလိုက်ရင် အမည်နာမတခုလို ဖြစ်သွားပါတယ်။ နာမည်တခု (ဒုရာနာမည်)ရှိတဲ့ မြစ်ဆိုပြီး အဓိပ္ပာယ်ရသွားပါတယ်။ လက်တွေ့ မြေပြင် ခရစ်ယာန်တွေရဲ့ ဘဝအသက်တာမှာလည်း စီးဆင်းနေတဲ့ ဝိညာဉ်အသက်ဟာ အင်မတိ အင်မတန် လိုအပ်လျက်ရှိပါတယ်။ ကိုဗစ်ကာလမှာ ရှင်သန်စီးဆင်းနေရမဲ့ အသက်ရေစီးကြောင်းကို ပုံဖော်ခြင်းမျိုးလည်း ဖြစ်ပါတယ်။ မြစ်နာမည်တခုလိုမျိုး စကားလုံးပေါင်းစည်းမှုအား ဖြစ်သွားတာကိုယ်၌က စာအုပ်နာမည်ရဲ့ ညှို့ယူဖမ်းစားမှုလို့ယူဆမိပါကြောင်း...။